၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကျင်းပခဲ့သော မြန်မာအန်ဂျီအိုများ နှစ်ပတ်တစ်ကြိမ်စုံညီအစည်းအဝေး၌ Myanmar NGO Network (MNN) နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

          Myanmar NGO Network သည် ပြည်တွင်းအဖွဲ့အစည်းများ ပိုမိုထိရောက်မြန်ဆန်စွာ ပူးပေါင်းဆောင်ရွက်နိုင်စေရန်၊ အဖွဲ့အစည်းများအကြား သတင်း၊ နည်းပညာနှင့် အတွေ့အကြုံများကို ထိရောက်အကျိုးရှိစွာ ဖလှယ်နိုင်ရန်၊ နိုင်ငံတော်အစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ စသည်တို့နှင့် ထိရောက်စွာ ကိုယ်စားပြုဆက်သွယ်ဆောင်ရွက်နိုင်ရန်၊ မြန်မာအန်ဂျီအိုများ၏ နည်းပညာ၊ ဗဟုသုတနှင့် စွမ်းဆောင်ရည်များတိုးတက်မြင့်မားအောင် လုပ်ဆောင်ပေးရန် စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၀၈ ခုနှစ်၊ ဩဂုတ်လတွင် ဖွဲ့စည်းခဲ့ပါသည်။

          Myanmar NGO Network ကို ပိုမိုရှင်သန်တက်ကြွ အားကောင်းလာစေရန် အစည်းအဝေးတက်ရောက်လာသူများက ဆန္ဒရှိကြပါသည်။ အသင်းအား မှတ်ပုံတင်ရေး အတွက်လည်း ညှိနှိုင်းတိုင်ပင်ကြပါသည်။

          မှတ်ပုံတင်ရရှိပြီးသော မြန်မာပြည်သူ့ဖိုရမ် (Myanmar People Forum - MPF) ကို သင်းဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအပိုဒ် (၃၇) အရ မြန်မာအန်ဂျီအိုများ စုပေါင်းချိတ်ဆက်ဆောင်ရွက်ရေးအဖွဲ့ (Myanmar NGO Network) သို့ အမည်ပြောင်းလဲပြီး မှတ်ပုံတင်ရုံးသို့ အသိပေးအကြောင်းကြားခြင်းအားဖြင့် ဆောင်ရွက်မည်ဆိုလျင် ဖြစ်နိုင်ကြောင်း တင်ပြချက်အရ အစည်းအဝေးတက်ရောက်သူအများစုက သဘောတူခဲ့ကြပါသည်။ MPF ၏ အမှုဆောင်အဖွဲ့ (လက်ရှိအမှုဆောင်များ) ကို ဆက်သွယ်အသိပေးညှိနှိုင်းရာတွင် သဘောတူကြောင်းနှင့် ဤသို့လုပ်ရန် လိုအပ်သည်များကိုလည်း ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြန်ကြားချက်ရရှိခဲ့ပါသည်။

       သို့ပါ၍ မြန်မာပြည်သူ့ဖိုရမ် (MPF) ကို မြန်မာအန်ဂျီအိုများ စုပေါင်းချိတ်ဆက် ဆောင်ရွက်ရေးအဖွဲ့ (MNN) သို့ အမည်ပြောင်းပြီး ဆက်လက်ရှင်သန်ဆောင်ရွက်ရန် လူကြီးမင်းတို့၏ သဘောထားမှတ်ချက်ကို အောက်ပါ Link တွင် ဖြည့်ပေးပါရန် တောင်းခံအပ်ပါသည်။

Click here to fill out online form

  • ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်(သောကြာနေ့) နောက်ဆုံးထားပြီး ဖြည့်စွက်ပေးပို့ပါရန် မေတ္တာရပ်ခံပါသည်။